စာလုံးပေါင်းသတ်ပုံကျမ်း
ပထမအကြိမ်ပုံနှိပ်ခြင်းအတွက်
အမှာစာ

  • နိဒါန်း

    ၁။   မြန်မာစာအဖွဲ့ကို ဖွဲ့စည်းရာတွင် မြန်မာဗျည်း သရအက္ခရာ၊ မြန်မာဝေါဟာရတို့၏ စာလုံးပေါင်းသတ်ပုံ၊ အသံထွက်၊ အနက် အဓိပ္ပာယ်၊ သဒ္ဒါနှင့် ဝါကျဖွဲ့ထုံးတို့ ထုံးမီစံမျှ မှန်ကန်တိကျစေရန်နှင့် အဓွန့်ရှည်စွာတည်တံ့စေရန်၊ မြန်မာစာဖွံ့ဖြိုးတိုးတက်စေရန်ဟူသော ရည်ရွယ်ချက်များ ထားရှိကြောင်း မြန်မာစာအဖွဲ့ ဥပဒေတွင်ပါရှိ ပါသည်။

  • ဝေဖန်အကြံပေးချက်များတောင်းခံခြင်း

    ၂။   မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းကို ၁၉၇၈ ခုနှစ်တွင် လမ်းညွှန်ကျမ်းအဖြစ် ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။ ဤကျမ်းနှင့်စပ်လျဉ်း ၍ ပြင်ဆင်၊ ဖြည့်စွက်၊ နုတ်ပယ်၊ မွမ်းမံလိုသည်များကို ဝေဖန်အကြံ ပေးကြပါရန် ရဟန်းရှင်လူ ပြည်သူများအား မေတ္တာရပ်ခံ ခဲ့ပါသည်။ ပြည်သူများက ၃နှစ်တာကာလအတွင်း ဝေါဟာရပေါင်း ၂၀၀၀၀ ခန့် ပေးပို့ကာ ဝေဖန်အကြံပေးခဲ့ကြပါသည်။

  • ၃။   ၁၉၈၁ ခုနှစ်၊ ဇူလိုင်လအတွင်း မြန်မာသတင်းစာကြီး ၄ စောင်မှ ကြေညာ၍ ထပ်မံမေတ္တာရပ်ခံခဲ့ရာ ရဟန်းရှင်လူ ပြည်သူစုစုပေါင်း ၁၂၄ ဦးတို့က ဝေါဟာရပေါင်း ၂၀၀၀၀ခန့် ပေးပို့ကာ ဝေဖန်အကြံ ပေးခဲ့ကြပါသည်။

  • ၄။   ဝေဖန်အကြံပြုချက်များအနက်မှ သင့်လျော်သော အချက် များကိုလက်ခံပြီး ပြင်ဆင်မွမ်းမံရာတွင် ထည့်သွင်းခဲ့ပါသည်။ ဝေဖန် အကြံပြုသူများအနက်မှ ထပ်မံညှိနှိုင်းရန် လိုအပ်သောပုဂ္ဂိုလ်များကို ၁၉၈၃ ခုနှစ်၊ ဧပြီလနှင့် မေလတွင် မြန်မာစာအဖွဲ့ဦးစီးဌာနသို့ ဖိတ်ကြား၍ ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

  • မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းကို စိစစ်မွမ်းမံခြင်း

    ၅။   အခြေခံအချက်ကြီး ၄ ရပ်။   ။ မြန်မာစာအဖွဲ့သည် မြန်မာ စာလုံးပေါင်းသတ်ပုံကျမ်းကို စိစစ်မွမ်းမံရာတွင် အောက်ပါအခြေခံ အချက်ကြီး ၄ ရပ်ကို မှီငြမ်းပြုခဲ့ပါသည် -

    • (က) အစဉ်အလာအရ ထိန်းသိမ်းထိုက်ခြင်း

    • (ခ) ကျမ်းအကိုးအထောက် ခိုင်လုံခြင်း

    • (ဂ) ကြောင်းကျိုးဆက်နွှယ်၍ အနက်အဓိပ္ပာယ် ထင်ရှားခြင်း

    • (ဃ) အသုံးတွင်ကျယ်ခြင်း တို့ဖြစ်ပါသည်။

  • ၆။   အစဉ်အလာအရထိန်းသိမ်းထိုက်ခြင်း။   ။ ယခုထက်တိုင် ကာလရှည်ကြာစွာ အဆင့်ဆင့်လက်ခံရေးသားလာခဲ့ကြသည့် ရေးထုံး စာလုံးပေါင်းများကို ဆိုလိုပါသည်။

    • သာဓက။   ။ ထဘီ

    • ဖိုခုံလောက်

    • သူရင်းငှား

  • ၇။   ကျမ်းအကိုးအထောက် ခိုင်လုံခြင်း။   ။ ကျောက်စာ၊ မင်စာ၊ သတ်ပုံ၊ သတ်အင်း၊ သတ်ညွှန်း၊ ကဗျာ၊ လင်္ကာ၊ မော်ကွန်း စသော ကျမ်းဂန်အထောက်အထားများကို ဆိုလိုပါသည်။

  • ၈။   ကြောင်းကျိုးဆက်နွှယ်၍ အနက်အဓိပ္ပာယ်ထင်ရှားခြင်း ။   ။ ပကတိအမြင်၊ လက်တွေ့ဖြစ်ရပ်နှင့် အကြောင်းအကျိုးဆက်နွှယ်လျက် ထင်ရှားပေါ်လွင်စွာ နားလည်သဘောပေါက်သည့် ရေးထုံးများကို ဆိုလိုပါသည်။

    • သာဓက။   ။ ကူးတို့ဆိပ်

    • ကြေးတွန်း-

    • ဆန်ခါ

  • ၉။   အသုံးတွင်ကျယ်ခြင်း။   ။ ရဟန်းရှင်လူ ပြည်သူများက ယခုလက်ရှိအချိန်တွင် လက်ခံ၍ တွင်ကျယ်စွာ ရေးသားကြသည့် ရေးထုံးစာလုံးပေါင်းများကို ဆိုလိုပါသည်။

    • သာဓက။   ။ ခနောက်စိမ်း

    • ခုလတ်

    • ဇက်

  • စိစစ်မွမ်းမံသည့် လုပ်ငန်း၄ရပ်

    ၁၀။   မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းကို စိစစ်မွမ်းမံရာတွင်မြန်မာစာ အဖွဲ့သည် အောက်ပါလုပ်ငန်း၄ရပ် ချမှတ်လုပ်ဆောင်ခဲ့ပါသည်-

    • (က) စာလုံးပေါင်းသတ်ပုံ ပြင်ဆင်ခြင်း

    • (ခ) အထောက်အမ ညှိနှိုင်းခြင်း

    • (ဂ) နုတ်ပယ်ခြင်း

    • (ဃ) ဖြည့်စွက်ခြင်း တို့ဖြစ်ပါသည်။

  • ၁၁။   စာလုံးပေါင်းသတ်ပုံ ပြင်ဆင်ခြင်း။   ။ စာလုံးပေါင်းသတ်ပုံ ပြင်ဆင်ရာတွင် ရှေးအစဉ်အလာအရလည်းကောင်း၊ စာပေအကိုး အထောက်များအရလည်းကောင်း၊ ပကတိကြောင်းကျိုးဆက်သွယ်မှု အရလည်းကောင်း၊ အရေးတွင်ကျယ်မှုအရလည်းကောင်း ညှိနှိုင်း ဝေဖန်စိစစ်၍ ပြင်ဆင်ပါသည်။

  • ၁၂။   အထောက်အမ ညှိနှိုင်းခြင်း။   ။ အထောက်အမ ညှိနှိုင်း ရာတွင် အထောက်အမ ပြင်ဆင်ခြင်း၊ အထောက်အမ ဖြည့်ခြင်း၊ အထောက်အမ နုတ်ပယ်ခြင်းတို့ကို ပြုလုပ်ပါသည်။ ဝေါဟာရ၏ အနက်အဓိပ္ပာယ်ငုပ်နေပါကထင်ရှားပေါ်လွင်စေရန်နှင့် ယုံမှားဖွယ် ရှိသော ဝေါဟာရ၏ အနက်အဓိပ္ပာယ်ကို ကွဲကွဲပြားပြား မှတ်သား စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ပါသည်။

  • ၁၃။   နုတ်ပယ်ခြင်း။   ။ နုတ်ပယ်ရာတွင် အသုံးနည်းသော ပါဠိ နှင့် ပါဠိသက်ဝေါဟာရများ၊ အသံဖလှယ်ဝေါဟာရများ၊ အသုံးမတွင် ကျယ်သော ဝေါဟာရများ၊ စာလုံးပေါင်းမှားခဲသော ဝေါဟာရများ ပါဝင်ပါသည်။ မြို့အမည်၊ ရွာအမည်၊ အရပ်ဒေသအမည်၊ ပုဂ္ဂိုလ် အမည်စသည်တို့ကိုလည်း စိစစ်ဖွယ် ချင့်ချိန်ဖွယ်ရှိနေသဖြင့် နုတ်ပယ် ထားပါသည်။ ထိုနုတ်ပယ်ထားသော ဝေါဟာရများအနက် အဘိဓာန် တည်ပုဒ်ဖြစ်သင့်သော ဝေါဟာရတို့ကိုမူ မြန်မာအဘိဓာန်တွင် ထည့်သွင်း ဖော်ပြမည် ဖြစ်ပါသည်။

  • ၁၄။   ဖြည့်စွက်ခြင်း။   ။ ဖြည့်စွက်ရာတွင် အသုံးတွင်ကျယ်ခြင်း၊ စာလုံးပေါင်းသတ်ပုံ မှားနိုင်ခြင်း၊ တိမ်မြုပ်မသွားထိုက်သော ဝေါဟာရ ဖြစ်ခြင်းတို့ကို အခြေခံ၍ ရွေးချယ်ဖြည့်စွက်ပါသည်။ နှစ်ချက်သင့် ရေးထုံးအဖြစ် လက်ခံသင့်သော ဝေါဟာရအချို့နှင့် တစ်အရေး တအရေး ခွဲခြားသတ်မှတ်ရာတွင် နှိုင်းယှဉ်၍ သိသင့်သိထိုက်သော တစ်/တ ဆိုင်ရာဝေါဟာရအချို့ကိုလည်း ဖြည့်စွက်ထားပါသည်။

  • တစ်အရေး တအရေး ခွဲခြားသတ်မှတ်ခြင်း

    ၁၅။   မြန်မာစာလုံးပေါင်းများ ပြန်လည် စိစစ်မွမ်းမံရာတွင် တစ် အရေး တအရေး ခွဲခြားသတ်မှတ်ရေးကိစ္စကိုလည်း တစ်ပါတည်း ပြေလည်အောင် ဖြေရှင်းနိုင်ရန် ကြိုးပမ်းအားထုတ်ခဲ့ကြပါသည်။

  • ၁၆။   တစ်အရေး တအရေး ခွဲခြားသတ်မှတ်မှုနှင့်စပ်လျဉ်း၍ မြန်မာစာအဖွဲ့သည် ပုဂံခေတ်မှမျက်မှောက်ခေတ်အထိ မြန်မာစာ များကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာခဲ့ကြပါသည်။ အကြိမ်ကြိမ် စည်းဝေးတိုင်ပင်၍ တစ်အရေး တအရေးခွဲခြားရာ၌ အခြေပြုရန် အောက်ပါယေဘုယျမူ ၃ ရပ်ကို ချမှတ်ခဲ့ကြပါသည်-

    • (က) ရေးထုံးသည် အသံထွက်နှင့် ခွဲခြားနိုင်သည်ဖြစ်ရာ စာရေးသားကြရာတွင် ရေးထုံးအမှန်အတိုင်း ရေးသား ကြ၍ ရွတ်ဖတ်ရာတွင်မူ ချန်လှပ်၍လည်းကောင်း၊ ဖြည့်စွက်၍လည်းကောင်း၊ သင့်လျော်ပြေပြစ်သည့် အသံသို့ ပြောင်းလဲ၍လည်းကောင်း ရွတ်ဖတ်နိုင် သဖြင့် ရေးတော့အမှန် ဖတ်တော့အသံဟူသည်ကို လိုက်နာမည်။

    • (ခ) အကြောင်းအကျိုးဆက်စပ်မှုမှန်ကန်ခြင်း၊ စနစ်တကျ ရှိခြင်းတို့ကို ဦးစားပေးသင့်သည်ဖြစ်၍ သဘာဝ ယုတ္တိအရ ပြုပြင်သင့်သည်ကို ပြုပြင်မည်။

    • (ဂ) ပုဒ်များကို အဆင့်ဆင့် ဖွဲ့စည်းတည်ဆောက်ရာ၌ ဝါစင်္ဂပြောင်းလဲသွားသည်ဖြစ်စေ၊ အသံထွက်ပြောင်း လဲသွားသည်ဖြစ်စေ၊ ဆင့်ပွားအနက်၊ တင်စား အနက်တို့ဖြင့် သုံးသည်ဖြစ်စေ ထိုကိန်းဂဏန်း၏ ရေးထုံးကို ပြောင်းလဲခြင်း မပြုသင့်သဖြင့် မူလ အရေးကိုပင် ထိန်းသိမ်းမည်။

  • ၁၇။   ထိုမူ ၃ ရပ်ကို အခြေခံပြီး တစ်အရေး တအရေး ခွဲခြား သတ်မှတ်ရာ၌ မှန်မှန်ကန်ကန် ခိုင်ခိုင်မာမာဖြစ်စေရန် ပုဒ်၏အနက် သဘောကိုသာမက ဖွဲ့စည်းတည်ဆောက်ပုံသဘောကိုပါ မြန်မာသဒ္ဒါ အခြေပြုကျမ်းနှင့် ညှိနှိုင်းဆင်ခြင်၍ အောက်ပါနည်းလမ်း ၃ ရပ်ကို ချမှတ်ပါသည်-

    • (က) နာမ်၊ မျိုးပြပစ္စည်းတို့နှင့် ယှဉ်တွဲသော ကိန်းဂဏန်း တစ်ကို အရင်းခံသော ပုဒ်ဖြစ်သဖြင့် စသတ်ဖြင့် ရေးရန်၊
      သာဓက ။   ။ တစ်ခု၊ တစ်ဆင့်၊ တစ်ထောက်၊ တစ်ယောက်

    • (ခ) ဤသို့သော ပုဒ်များတွင် အခြားပုဒ် ထပ်ဆင့်ယှဉ်တွဲ လာသည့်တိုင်အောင် သင်္ချာကိန်းဂဏန်း တစ်သည် သင်္ချာသဘောမှ ရွေ့လျောခြင်းမရှိသောကြောင့် စသတ် ဖြင့်ပင်ရေးရန်၊
      သာဓက ။   ။ တစ်ခုခု၊ တစ်ဆင့်ခံ၊ တစ်ထောက် တစ်နား၊ တစ်ယောက်တစ်လှည့် …

    • (ဂ) ကြိယာ၊ နာမဝိသေသန၊ မြည်သံစွဲပုဒ်များနှင့်ယှဉ်သော အာဂုံပစ္စည်း ကိုမူ စမသတ်ဘဲရေးရန်။
      သာဓက ။   ။ တကျက်ကျက်၊ တခမ်းတနား၊ တစောင်း၊ တဖြူးဖြူး၊ တရိပ်ရိပ်၊ တလွဲ၊ တအံ့တသြ၊ မခို့တရို့၊ မဟုတ်တရုတ်၊ အတတ၊ အမှတ်တရ၊ အရောတဝင် …

  • ၁၈။   ဤမြန်မာစာလုံးပေါင်းသတ်ပုံကျမ်းသည် ဖော်ပြခဲ့သည့် အခြေခံအချက်ကြီး ၄ ရပ်ကို မှီငြမ်းပြုပြီးလျှင် ရဟန်းရှင်လူ ပြည်သူ များ၏ အကြံဉာဏ်ဝေဖန်ချက်များနှင့်လည်း ညှိနှိုင်းထားသော ကျမ်းဖြစ်ရကား ပြည်သူများ တညီတညွတ်တည်း လိုက်နာရေးသား အားထားလောက်သော သတ်ပုံကျမ်းတစ်စောင် ဖြစ်လိမ့်မည်ဟု ယုံကြည်ပါသည်။

မြန်မာစာအဖွဲ့

၁၃၄၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော်၊ ၅ရက်

၁၉၈၄ ခုနှစ်၊ စက်တင်ဘာလ၊ ၁၄ရက်

အမှာစာ

  • နိဒါန်း

    ၁။   မြန်မာစာလုံးပေါင်းသတ်ပုံသည် မြန်မာစာ၏ အခြေအမြစ် ဖြစ်သည်။ စာလုံးပေါင်းသတ်ပုံ ဆိုသည်မှာ ဗျည်း၊ သရ၊ ယပင့်၊ ရရစ်၊ ဝဆွဲ၊ ဟထိုး၊ အသတ်အလတ်တို့ကို လိုအပ်သလိုပေါင်းစပ်ကာ စာလုံးတစ်လုံးတည်းဖြစ်အောင် ရေးသားသည့် ထုံးနည်းဖြစ်၍ စာလုံးပေါင်း မှန်ကန်ရေး၊ စနစ်ကျရေးတို့သည် အလွန်အရေးကြီး ပါသည်။

  • ဝေဖန်အကြံပေးချက်များတောင်းခံခြင်း

    ၂။   မြန်မာစာပေသက်တမ်းတစ်လျှောက်တွင် စာလုံးပေါင်း သတ်ပုံကျမ်းများစွာ ပေါ်ထွက်ခဲ့သော်လည်း မူအမျိုးမျိုးကွဲပြားနေ သောကြောင့် အများပြည်သူတို့ တညီတညွတ်တည်း လက်ခံလိုက်နာ မှီငြမ်းပြုရန် အခက်အခဲရှိပါသည်။ သို့ပါ၍ အများပြည်သူတို့ တညီတညွတ်တည်း လက်ခံလိုက်နာ မှီငြမ်းပြုရမည့် မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းကို မြန်မာစာအဖွဲ့ကပြုစု၍ ၁၉၈၆ ခုနှစ်တွင် ပြဋ္ဌာန်းကျမ်း အဖြစ် နိုင်ငံတော်ကသတ်မှတ်နိုင်ခဲ့ပါသည်။

  • ၃။   မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းကို ပထမအကြိမ်ထုတ်ဝေ ပြီးသည့်နောက်တွင်လည်း ပြင်ဆင်ဖြည့်စွက်ခြင်းမပြုဘဲ မူလအတိုင်း အကြိမ်ကြိမ်ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။

  • ၄။   ယခုထုတ်ဝေဖြန့်ချိသော မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း တွင်လည်း မူလပြဋ္ဌာန်းခဲ့သော စာလုံးပေါင်းသတ်ပုံကျမ်းပါ ဝေါဟာရ များကို ပြင်ဆင်ခြင်း၊ နုတ်ပယ်ခြင်းမပြုဘဲ ပြည်သူလူထု အကြံပြု ပေးပို့သော ဝေါဟာရများ၊ မွေးစားဝေါဟာရများ၊ မြည်သံစွဲဝေါဟာရ များ၊ အပြောဝေါဟာရများကို မြန်မာစာအဖွဲ့က စိစစ်တည်းဖြတ် ဖြည့်စွက်၍ ဒုတိယအကြိမ် ဖြည့်စွက်တည်းဖြတ် ပုံနှိပ်ဖြန့်ဝေလိုက် ပါသည်။ ကျောင်းသားကျောင်းသူ၊ ရဟန်းရှင်လူ ပြည်သူအများနှင့် မြန်မာစာပေ ချစ်မြတ်နိုးသူအပေါင်း မြန်မာစာလုံးပေါင်းသတ်ပုံ မှန်ကန်စွာအသုံးပြုနိုင်ရန် တညီတညွတ်တည်း လိုက်နာရေးသား အားထားလောက်သော သတ်ပုံကျမ်းတစ်စောင် ဖြစ်လိမ့်မည်ဟု ယုံကြည်ပါသည်။

မြန်မာစာအဖွဲ့

၂၀၁၉ ခုနှစ်